ဗုဒ္ဓသာသနာတော်အလံသည် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ အထွတ်အထိပ်အဖြစ် အမှတ်တံဆိပ် ခတ်နှိပ် စီစဉ်ထားသည့် အလံတော်ဖြစ်ပေသည်။ အလံတော်ကို စီစဉ်ရာ၌ အရောင်(၆)မျိုးဖြင့် စီစဉ်ထားသည်။ အဆိုပါ(၆)မျိုးသော အရောင်တို့သည် ဗုဒ္ဓမြတ်စွာဘုရား အဖြစ်ကိုရရိ်ှတော်မူပြီးစ သတ္တာဟ (၇)ရက်၊ (၇)လီ စံတော်မူရာ၌ စတုတ္ထ သတ္တာဟဖြစ်သော ရတနာဃရ နတ်တို့ဖန်လာ ရတနာစံအိမ်တော်တွင် စံနေတော်မူ၍ အဘိဓမ္မာ ဒေသနာတော်မှ အနန္တနယသမန္တမည်ခေါ် မဟာပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်သုံးသပ်တော် မူသော်အခါ ဗုဒ္ဓဘုရား၏ ကိုယ်တော်မှ ထွက်မြူးတော်မူသည့် ရောင်ခြည်တော် ဖြစ်လေသည်။ ထိုရောင်ခြည်တော်(၆)သွယ်ကို ဦးထိပ်ထား၍ ဗုဒ္ဓသာသနအလံတော် အထိမ်းအမှတ်အဖြစ် စီစဉ်ရန် အကြံပြုသူမှာ ဗိုလ်မှူးကြီး ဟင်နရီစတီးလက်အိုလကော့ ဖြစ်လေသည်။ ဗိုလ်မှူးကြီး အိုလကော့သည် ၁၈၈၀ပြည့်နှစ် မှစ၍ သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေး ဆောင်ရွက်သူ ဖြစ်ပေသည်။
၁၈၈၅ခုနှစ်တွင် သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံအစိုးရက ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်၍ အခမ်းအနား ကျင်းပရန် စီစဉ်ကြသည်။ ဤတွင် ဗုဒ္ဓနေ့အခမ်းအနား၌ လွှင့်ထူမည့် ဗုဒ္ဓအထိမ်းအမှတ် တံဆိပ်ခတ် သာသနာ့အလံတော် လိုအပ်နေပေသည်။ ထိုလိုအပ်ချက်ကို ဗိုလ်မှူးကြီးအိုလကော့က ဖြည့်ဆည်း ပေးလိုက်သည်။ ဗိုလ်မှူးကြီး အိုလကော့သည် ဗုဒ္ဓသာသနာ့အလံတော်အဖြစ် ဗုဒ္ဓမြတ်စွာဘုရား၏ ထူးခြားသော ရောင်ခြည်တော်(၆)သွယ်ကို အခြေခံ၍ ပြုလုပ်ရန် အကြံပြုခြင်းဖြစ်ပေသည်။ ထိုအကြံပြုချက်ကို အကြောင်းပြု၍ ၁၈၈၅ခုနှစ်တွင် ပထမဦးဆုံးကျင်းပသည့် သီဟိုဠ် (သီရိိလင်္ကာ)နိုင်ငံ၏ ဗုဒ္ဓနေ့ အခမ်းအနားတွင် စတင်အသုံးပြု လွှင့်ထူပူဇော်ခဲ့ပေသည်။ ၁၉၅၀ပြည့်နှစ်တွင် ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံမှ အညီအညွတ် သဘောတူဆုံးဖြတ်၍ ရောင်ခြည်တော်(၆)သွယ်ဖြင့် စီစဉ်ထားသည့် ဗုဒ္ဓသာသနာ့ အလံတော်ကို ကမ္ဘာ့အဝန်း၌ ဦးထိပ်တင်လွှင့်ထင်ပူဇော်ခဲ့ကြပေသည်။
ဗုဒ္ဓသာသနာ့အလံတော်ကို စီစဉ်ရာ၌ ဗုဒ္ဓရောင်ခြည်တော်၏ အရောင်(၆)မျိုးဖြစ်သော-နီလ = အပြာရောင် (အညိုရောင်)
ပီတ = အဝါရင့်ရောင်
လောဟိတ = အနီရင့်ရောင်
ဩဒါတ = အဖြူရောင်မဥ္ဇိဠ = ပန်းနုရောင် (သပြေရောင်)နှင့်
ပဘဿရ = ငါးမျိုးရောယှက်အရောင် (ပြိုးပြိုးပြက်ပြက်အရောင်)
စသည်ဖြင့် အကန့်(၆)ကန့်ဖြင့် စီစဉ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် -
(၁) နီလ = အပြာရင့်ရောင် -ငြိမ်းချမ်းခြင်း အထိမ်းအမှတ်။
(၂) ပီတ = အဝါရင့်ရောင်-ဗုဒ္ဓသာသနာတော် အထိမ်းအမှတ်။
(၃) လောဟိတ = အနီရင့်ရောင်-ရဲရင့်ခြင်း အထိမ်းအမှတ်။
(၄) ဩဒါတ = အဖြူရောင်- သန့်ရှင်းစင်ကြယ်ခြင်း အထိမ်းအမှတ်။
(၅) မဥ္ဇိဋ္ဌ = ပန်းနုရောင်- ဖြောင့်မတ်ခြင်း အထိမ်းအမှတ်။
(၆) ပဘဿရ = ငါးမျိုးရောယှက်အရောင်- စည်းလုံးညီညွတ်ခြင်း
အထိမ်းအမှတ်။
စသဖြင့်စီစဉ်ခြင်းလည်း ဖြစ်ပေသည်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ(၁၉၅၀)မှ အညီအညွတ်ဆုံးဖြတ်မှုဖြင့် ဖြစ်တည်လာခဲသည့် ဗုဒ္ဓဘာသာ သာသနာ့ အလံတော်ကိုပင် မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံး ဦးထိပ်တင်လွှင့်ထူပူဇော်ခဲ့ကြသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) အထွေထွေကဏ္ဍ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(၁) ကဆုန်လပြည့်နေ့ - ဗုဒ္ဓနေ့။(၂) နယုန်လပြည့်နေ့ - မဟာသမယအခါတော်နေ့
(၃) ၀ါဆိုလပြည့်နေ့ - ဓမ္မစကြာအခါတောနေ့
(၄) သီတင်းကျွတ်လပြည့်နေ့ - အဘိဓမ္မာအခါတော်နေ့
(၅) တန်ဆောင်မုန်းလပြည့်နေ့ - သာမညဖလအခါတော်နေ့ ဟူ၍ ဖြစ်သည်။
အပိုဒ်(၃၆၅)အသုံးပြုရမည့် အခမ်းအနားများကို ဖော်ပြထားရာတွင်-
(၁) ၀ါဆိုပွဲ
(၂) ကထိန်ပွဲ
(၃) အဘိဓမ္မာပွဲ(၄) ရှင်ပြုပွဲ
(၅) ရဟန်းခံပွဲ
(၆) ဆွမ်းကြီးလောင်းလှူပွဲ
(၇) မဟာဘွဲ့နှင်းသဘင်
(၈) စူဋ္ဌဘွဲ့နှင်းသဘင်
(၉) ဘွဲ့တံဆိပ်ဆက်ကပ်ပွဲ
(၁၀) တိပိဋက စာမေးပွဲ၊ ပူဇော်ပွဲ
(၁၁) စာပြန်ပွဲ၊ ပူဇော်ပွဲ
(၁၂) ဗုဒ္ဓဘာသာစာမေးပွဲ၊ ပူဇော်ပွဲ
(၁၃) ခွင့်ပြုချက်ရရှိပြီသည့် တရားပွဲ
(၁၄) ဘုရားထီးတင်ပွဲ
(၁၅) ဗုဒ္ဓဇနိယပွဲ
(၁၆) သံဃအစည်းအဝေးပွဲ
(၁၇) အဘိဓမ္မာပဋ္ဌာန်းပူဇော်ပွဲ
(၁၈) နိကာယ်စာပြန်ပွဲ၊ ပူဇော်ပွဲ
(၁၉) ဗုဒ္ဓဘာသာရေးဆိုင်ရာသင်တန်း စသည်ဖြင့် ဖော်ပြထားသည်။
အပိုဒ်(၃၅၈) အသုံးပြုနည်းတွင် ဖော်ပြထားသည်မှာ-
အထိမ်းအမှတ်အလံအားလုံး၏အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊ အပိုဒ်(၃၉၅)အသုံး မပြုရသည့်အချိန်အခါနှင့်နေရာကို သတ်မှတ်ထားရာတွင်ကား-
(က) ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။(ခ) လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရဟူ၍ ဖြစ်လေသည်။
ယနေ့ ပစ္စက္ခဗုဒ္ဓသာသနာ့အလံတော်မြင်ကွင်းကား ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဘဝင် မကျ ၀မ်းနည်းမိရ ပါသည်။ ဗုဒ္ဓသာသနာ့အလံတော်ကို သုံးစွဲနေကြသည်မှာ အရာဌာန ဆိုင်သည် မဆို်င်သည်ကို အလေးဂရုမပြု ပေါ့ပေါ့တန်တန်သုံးစွဲနေကြပေသည်။ ကျွန်တော် မကြာခဏ ကြံုတွေ့ရသည့် ဗုဒ္ဓသာသနာ့ အလံတော်ကို သုံးစွဲနေသည်များမှာ ဘုရားဖူး ယာဉ်များ၊ လမ်းဘေးဝဲယာ အလှူခံဌာနများသည် ဗုဒ္ဓသာသနာ့အလံတော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပေသည်။ အချို့သောသူတို့မှာ ဗုဒ္ဓသာသနာ့အလံတော် သုံးစွဲနည်းကို မသိရှိ မလေ့လာဘဲ အများယောင်၍ ယောင်နေကြသူများရှိကြသည်။ အရောင်(၅)မျိုးကို အကန့်(၆)ကန့်ဖြင့် စီစဉ်ထားရာ၌ လက်ယာဖက်အစွန်ဆုံးအကန့်မှာ အရောင်(၅)မျိုးကန့်လန့်အစင်းတွင် အပြာရင့်ရောင်ကို အထက်မှာ ထားရမည့်အစား အောက်တွင်ထားနေကြပေရာ အလံတော်ဇောက်ထိုးဖြစ်နေပေသည်။ အရောင်ကို စီစဉ်ရာတွင်လည်း မဥ္ဇိဋ္ဌ သပြေရောင်အဖြစ် ပန်းနုရောင်ကို သတ်မှတ်ထားသော်လည်း အချို့မှာ ပန်းနုရောင်နေရာတွင် ယောဂီရောင်ဟုခေါ်သော အနီရောင်အရင့်ကို ထည့်သွင်း ပြုလုပ်သုံးစွဲနေသည်ကို တွေ့ရပေသည်။
မော်တော်ယာဉ်တွင် တပ်ဆင်ရာ၌ တွေ့ရသည်များမှာ အလွန်ဝမ်းနည်းစရာကောင်းသော ဖြစ်ရပ်များ ဖြစ်ပေသည်။ အချို့ကားလေးများတွင် အလွယ်တကူပင် ကား၏လက်ဝဲဖက်ရှိ ရေဒီယိုဧရိယာတိုင်တွင် ဖြစ်သလို ချည်ထားသည်ကိုလည်းကောင်း၊ အချို့မှာ ကား၏လက်ဝဲဖက်တွင်ပင် ချည်ထားသည်ကိို လည်းကောင်း၊ အချို့သောကားကြီးများတွင်လည်း လက်ဝဲဖက် တွင်ပင် ချည်ထားသည်ကိုလည်းကောင်း တွေ့မြင်ရပေသည်။ ကားပေါ်တွင်ပါလာသည့် သံဃာတော်များကလည်း မှားယွင်းနေမှုကို ပြုပြင်လမ်းညွှန်မှု မရှိကြချေ။ အလှူခံဌာနများတွင်လည်း ရောင်စုံအလံများသဖွယ် လမ်းဘေး၌ စီတန်းလျက် စိုက်ထူထားကြ ပေသည်။ ပို၍ဆိုးသည်မှာ သာသနာ့အလံတော်ကို ၀ါးလုံးငယ်တွင် တပ်ဆင်၍ ခရီးသွားကားများကို အလံဖြင့် ရပ်တန့်စေသည်မှာကား အမြင်ဆိုးရွားလှပေသည်။ အချို့သော နတ်ကန္နားပွဲများတွင်လည်း ဗုဒ္ဓသာသနာ့အလံ တလူလူလွှင့်ထူလျက် ညနေမှာ ကြက်ကြော်ကိုက် အရက်တိုက်နေသည်များ ၀မ်းနည်းဖွယ် မြင်တွေ့နေရ ပေသည်။
နှစ်စဉ် နွေရာသီရောက်ပြီဆိုသည်နှင့် ဘုရားဖူးယာဉ်များ တွင်တွင်ကျယ်ကျယ်ဘုရားဖူး ပို့ဆောင်နေကြ ပေသည်။ ဘုရားဖူးယာဉ်နှင့် ပို့ဆောင်ရေးအဖွဲ့များရှိနေ၍ ဗုဒ္ဓဘာသာဝင်များ ဘုရားဖူးခွင့်ရကြသည်ကြောင့် ဘုရားဖူးပို့ဆောင်ရေးအဖွဲ့များအား ကျွန်တော်ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် သာဓုခေါ်မိပါ၏။ သို့သော် ထိုဘုရားဖူးယာဉ်များတွင် ဗုဒ္ဓသာသနာ့အလံတော် သုံးစွဲနေသည်ကို တွေ့ရသည်မှာ ၀မ်းနည်းဖွယ် ဖြစ်ပေသည်။ သံဃနာယကလက်စွဲ အပိုဒ်(၃၉၅)၊အခန်း(က)တွင် ဖော်ပြထားသည်မှာ “ရဟန်းသံဃာတော်များ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မတပ်ဆင်ရ” ဟု ဖြစ်ပေသည်။ ယခုမြင်တွေ့ နေရသည်မှာ မိသားစုဘုရားဖူးအဖွဲ့ရော၊ စုပေါင်းငှားရမ်း၍ သွားသည့်အဖွဲ့ရော ၊ အခကြေးငွေဖြင့် ဘုရားဖူးပို့ဆောင်ရေးအဖွဲ့များရော ဗုဒ္ဓသာသနာ့အလံ တလူလူလွှင့်၍ သွားလာနေကြပေသည်။ တပ်ဆင်ရာတွင်လည်း ၀ဲဘက်မှာရော၊ ဇောက်ထိုုးပြောင်းပြန်ဖြစ်သလို အလွယ်တကူ တပ်ဆင်နေကြပေသည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသော နိုင်ငံဖြစ်သည့်အားလျော်စွာ သာသနာတော်ကို ကြည်ညိုသူများလည်း များပြားပေသည်။ ဗုဒ္ဓသာသနာတော်ကို ကြည်ညိုသူတို့မှာ ဗုဒ္ဓ၏ရောင်ခြည်(၆)သွယ်ကို အခြေပြု၍ စီစဉ်ထားသော ဗုဒ္ဓသာသနာ့ အလံတော်ကိုလည်း ကြည်ညိုကြပေသည်။ ဗုဒ္ဓသာသနအလံတော် တပ်ဆင်လာသည့် ယာဉ်များကို ရပ်တန့်စစ်ဆေးရှာဖွေခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပေးကြ၏။ ဤသည်ကို အကြောင်းပြု၍ အပ်သည် မအပ်သည်ကို မလေ့လာတော့ဘဲ သုံးစွဲနေကြပေသည်။ အချို့မှာမူမသိမနားလည်၍ သူများပြောသမျှ ယုံကြည်ကြပြီး ရောယောင်သုံးစွဲခြင်း ဖြစ်ကြသည်။
အလံတော်ဟူသည် တိုင်းပြည်၊ နိုင်ငံ၊ ဒေသ အဖွဲ့အစည်းများအလိုက် ဂုဏ်ယူစွာ အထွတ်အထိပ် သတ်မှတ် တံဆိပ်ခတ်လျက် စီစဉ်ထားခြင်းဖြစ်ပေသည်။ ထို့ကြောင့် ထိုအလံတော်ကို မရိုမသေပြုသူသည် ထိုအလံတော်ကို ကိုယ်စားပြုသည့် တိုင်းပြည်၊ နိုင်ငံ၊ ဒေသအဖွဲ့အစည်းကို စော်ကားရာကျပေသည်။ ထိုသို့ အလံတော်ကို မရိုမသေ မအပ်မရာ သုံးစွဲသည်ကို တွေ့ရှိပါက ပြစ်မှုဥပဒေအရ အရေးယူသည်ကို တွေ့ခဲ့ဖူးသည်။ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံကို စတင်ပြသပြီး နိုင်ငံတော်သီချင်းဖွင့်ပေးရာ ပွဲကြည့်ပရိသတ်များက မတ်တပ်ရပ်၍ ငြိမ်သက်စွာနေပြီး အလေးပြုရသည်။ ဗုဒ္ဓသာသနာ့အလံတော်သည် ထေရဝါဒဗုဒ္ဓသာသနာအလံတော်သည် ထေရဝါဒဗုဒ္ဓသာသနာတော်၏ အထွဋ်အထိပ် အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားပေရာ ဗုဒ္ဓသာသနာအလံတော်မှာ ပူဇော်ထိုက်သောအရာ ဖြစ်ပေသည်။ ယခုအခါ ဗုဒ္ဓသာသနာ့ အလံတော်တပ်ဆင်သုံးစွဲနေကြသည်မှာ “ပူဇာစ ပူဇနေယျာနံ” ပူဇော်ထိုက်သည်ကို ပူဇော်ခြင်းမဖြစ်ဘဲ အဂါ၀ရ အရိုအသေမဲ့ ဆောင်ရွက်နေကြ ပေသည်။ ဗုဒ္ဓသာသနာအလံတော်ဟူ၍ ရိုသေသမှုမပြုဘဲ ရောင်စုံအလံများ သဖွယ် ပေါ့ပေါ့တန်တန် ပြုနေကြသည်။ အများ၏ အမြင်တွင် အထင်သေးစရာဖြစ်နေ ပေသည်။ ကမ္ဘာတလွှားတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသောနိုင်ငံအဖြစ် ထင်ထင်ရှားရှား ဖြစ်နေသော်ငြားလည်း ဗုဒ္ဓသာသနာ့အလံတော်ကို သုံးစွဲနေမှု ပုံစံမကျသည်ကို မြင်တွေ့နေရသည်မှာ ဗုဒ္ဓသာသနာတော် ညှိုးမှိန်အောင်ပြုလုပ်နေသလို ဖြစ်သည်ဟု ခံစားရပါသည်။
ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလေးစားလျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် သန့်ရှင်းတည်တံ့ပြန့်ပွားရေးတွင် အနှောက်အယှက်ဖြစ်စေသည့် ဗုဒ္ဓသာသနာ့အလံတော်သုံးစွဲမှုကို ကန့်သတ်၍ လုပ်ထုံး လုပ်နည်းစည်းမျဉ်းများပြဋ္ဌာန်းလျက် အရေးယူဆောင်ရွက်သင့်ကြောင်း သာသနာ့ မာမက စိတ်ဖြင့် ရေးသားလိုက်ရပါသည်။
ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု
Lin Oo (psy)
.
0 comments:
Post a Comment