တာဝန်ခံအဆင့်မြင့်အရာရှိများ နှုတ်ထွက်ခြင်း

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • လူရာပေါင်းများစွာသေကြေဒဏ်ရာရရှိစေခဲ့သော အသေအပျောက်များသည့် မွန်ဘိုင်းမြို့အကြမ်းဖက် တိုက်ခိုက်မှုများပြီးသည့်နောက် အိန္ဒိယပြည်ထဲရေးဝန်ကြီး Shivraj Patil နှင့် အမျိုးသားလုံခြံုရေးအကြံပေး MK Narayananတို့ ရာထူးမှ နှုတ်ထွက်သွားပါသည်။

    အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အချာကျသော မွန်ဘိုင်းမြို့တွင် မွတ်စလင်စစ်သွေးကြွများက သေနတ်နှင့်ဗုံးများဖြင့် လွယ်လင့်တကူ တိုက်ခိုက်မှုများအပေါ် ပြည်သူအများ၏ အမျက်ဒေါသများ တိုးပွား ဖြစ်ပေါ်လာပြီးနောက် ယခုကဲ့သို့ နှုတ်ထွက်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

    အနည်းဆုံးလူ (၁၇၂)ဦး သေဆုံးပြီး၊ (၂၀၀)ကျော် ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အတွက် သိက္ခာပိုင်းအရ တာဝန်ယူမှု (Moral Responsibility) ကို မိမိလက်ခံပါကြောင်း ပြည်ထဲရေးဝန်ကြီး Patil က ပြောကြားခဲ့ပါသည်။ Patil ၏ နေရာကို ဘဏ္ဍာရေးဝန်ကြီး Palaniappan Chidambaram ကို ခန့်အပ်ခဲ့ပါသည်။ ၎င်းအနေဖြင့် နိုင်ငံ၏ ပြည်တွင်းအုပ်ချုပ်ရေး၊ လုံခြံုရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကြီးကြပ်တာဝန်ယူရမည် ဖြစ်ပါသည် ။

    သတင်းပို့ချက်များအရ၊ အမျိုးသားလုံခြံုရေးအကြံပေး Narayanan က မိမိ၏ နှုတ်ထွက်စာကို ၀န်ကြီးချုပ် Manmohan Singh ထံ ပေးအပ်သည်ဟု ဆိုပါသည် ။

    မွတ်စလင်စစ်သွေးကြွများအနေဖြင့် ယခုလို လက်ရဲဇက်ရဲအကြမ်းဖက်တိုက်ခိုက်နိုင်ရန် မည်သို့ ပူးပေါင်း ကြံစည်သည်ဆိုသည့်အပေါ် အဓိက အာရုံပြုလျက်ရှိကြပါသည်။

    မွန်ဘို်င်းမြို့တွင် နေထိုင်သည့် ဆေးဝါးရောင်းဝယ်သူ Jayesh Wohram က ရိုက်တာသတင်းဌာနကို ပြောကြားရာ၌ ယခုလိုအဖြစ်မျိုးသည် စက်ဆုတ်ဖွယ်ကောင်းကြောင်း၊ အမှန်တကယ် စက်ဆုတ်ဖွယ် ကောင်းကြောင်း၊ မိမိမယုံကြည်နိုင်လောက်အောင် ဖြစ်မိကြောင်း၊ ယခုကဲ့သို့ အဖြစ်အပျက်မျိုးသည် မိမိတို့တွင် လာဖြစ်ရလေခြင်းဟု ပြောကြားပါသည်။ ၎င်းက ဆက်လက်ပြောကြားရာ၌ ယခုလိုအဖြစ် အပျက်မျိုး ယခုအပတ်တွင် မွန်ဘိုင်းမြို့လယ်ခေါင်၌ ဖြစ်ပျက်နိုင်ခဲ့လျှင် လေဆိပ်လို မည်သည့်နေရာမျိုးမဆို ဖြစ်ပျက်နိုင်သည်ဟု သူ၏ ထင်မြင်ချက်ကို ပြောကြားပါသည်။

    သတင်းများက ဖော်ပြရာ၌ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် စတင်ခဲ့သော နာရီ(၆၀)ကြာ အကြမ်း ဖက်တိုက်ခိုက်မှုတွင် သေနတ်သမားအများဆုံး (၁၀)ဦးခန့်သာပါ၀င်သည်ဟု ဆိုပါသည်။အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပစ်မှတ်များမှာ ဇိမ်ခံဟိုတယ်များ၊ ဘူတာရုံ(၁)ခု၊ ဂျူးလူမျိုးတို့၏ ဗဟိုဌာနနှင့် အခြားနေရာများ ပါ၀င်ပြီး နိုဝင်ဘာလ(၂၉)ရက်နေ့မှ အိန္ဒိယတပ်များက သေနတ်သမားများကို အပြီးသတ် နှိ်မ်နင်းနိုင်ခဲ့ပါသည်။

    အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိန္ဒိယ လူမျိုးများ အများဆုံးထိခိုက်ခဲ့ပြီး နိုင်ငံခြားသား (၂၀)ကျော်မှာ သေဆုံးခဲ့သည်ဟု သိရပါသည်။ (၃)ရက်ကြာ အကြမ်းဖက်တို်က်ခိုက်မှုကြောင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနှင့် အခြေအနေတင်းမာခဲ့ပါသည်။ အကြောင်းမှာ အိန္ဒိယက အဆိုပါ သေနတ်သမားများသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲပြောကြားခဲ့သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံ အစ္စလန်မာဘတ်မြို့မှ ထိုသို့ ပါ၀င်ပတ်သက်မှုနှင့် ပတ်သက်၍ ငြင်းဆိုခဲပါသည်။

    ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi က အိနိ္ဒယနှင့် ဆက်ဆံရေး အနေအထား တင်းမာလာ၍ မိမိတို့အနေဖြင့် နယူးဒေလီနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရန် ကမ်းလှမ်းပါ ကြောင်းဖြင့် ပြောကြားပါသည်။

    ၎င်းက ဆက်လက်ပြောကြားရာ၌ မိမိအနေဖြင့် ရှင်းလင်းစွာပြောကြားလိုကြောင်း၊ အိနိ္ဒိယခေါင်းဆောင် ပိုင်းမှ ပါကစ္စတန်အစိုးရအပေါ် အပြစ်ပုံချခြင်း မရှိသေးပါကြောင်း၊ ယခုအခြေအနေတွင် ပါကစ္စတန်နိုင်ငံရှိ လူတစ်စု (သို့မဟုတ်) အဖွဲ့အစည်းအနေဖြင့်ပြုလုပ်နိုင်ရန် ဖြစ်ကောင်း ဖြစ်နိုင်သည်ဆိုသော သံသယ အခြေအနေတွင်ရှိနေခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ အိန္ဒိယအာဏာပိုင်များအနေဖြင့် အထောက်အထား သတင်းအချက်အလက်ရှိပါက မိမိတို့ကိုလည်း မျှဝေပေးစေလိုကြောင်းဖြင့် ပြောကြားပါသည်။

    အိန္ဒိယပြည်နယ် ပြည်ထဲရေးဝန်ကြီး Sriprakash Jaiswalm က ပြောကြားရာ၌ နိုင်ငံအနေဖြင့် စစ်ပွဲ အဆင့် (War Level) သို့ လုံခြံုရေးအဆင့်ကို တိုးမြှင့်မည်ဖြစ်ပါကြောင်း၊ ရိုက်တာ သတင်းဌာနနှင့် တွေ့ဆုံ ပြောကြားရာ၌ အကြမ်းဖက်သူများသည် ပါကစ္စတန်နိုင်ငံမှ လာသည်မှာ ယုံမှားသံသယဖြစ်စရာ မလိုကြောင်း ဖြင့် ပြောကြားပါသည် ။

    အိန္ဒိယနိုင်ငံ၊ လုံခြံုရေးအရာရှိများက မွန်ဘိုင်းမြို့အကြမ်းဖက်တိုက်ခိုက်သူများသည် ပါကစ္စတန်နိုင်ငံ အခြေစိုက်အုပ်စုဖြစ်သော Lashkar-e-Taiba အုပ်စု၏ လုပ်ရပ်ဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါအုပ်စုမှာ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အပြစ်တင်ခြင်းခံရသော အုပ်စုဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံ၊ အစ္စလန်မာဘတ်အစိုးရမှ ၎င်းအုပ်စုကို ၂၀၀၂ခုနှစ်တွင် ပိတ်ပင်ခဲ့ပါသည်။

    ယခုလို အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မိမိ၏လုပ်ရပ်ဖြစ်သည်ဟု လူသိမများသေးသော Deccan Mujahideen ဖြစ်သည့် အိန္ဒိယနိုင်ငံ ဒေသရှိ မွတ်စလင်ဘာသာရေးတိုက်ပွဲဝင်အုပ်စုမှ ကြေညာခဲ့ ပါသည်။


    လင်းဦး(စိတ်ပညာ)

    3 comments:

    Welcome said...

    သတင်းစုံကို လာဖတ်ဖြစ်ပါတယ်။

    PHONE Shop Project said...

    သတင်းလာဖတ်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျား

    မသက်ဇင် said...

    ဗဟုသုတ သတင်းတွေ တင်ပြပေးတဲ့
    ကိုလင်းဦးကို ကျေးဇူးတင်ပါတယ်--

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo