မြန်မာပြည်၏ နောက်ဆုံးမိဖုရား

Posted on
  • by
  • Aung Maw
  • in
  • Labels: ,
  • စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးသောဘုရင်၏ မိဖုရားဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မဟေသီပင်ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။

    မင်းတုန်းမင်း၏ အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား အေဒီ ၁၈၅၉ တွင် ဖွားမြင်သည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ စုဖုရားလတ်သည် အလတ်မ ဖြစ်သည်။ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီးနှင့် ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ပါသည်။

    နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာပါ၀င်လုပ်ဆောင်သော ညီတော် ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဉာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြ။

    ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ၀န်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားနှင့် သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက် ကွယ်ပျောက် စေခဲ့ သည်။

    စုဖုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊အရာထမ်းများအပါအဝင် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည် ။
    She has given great quantities of presents to people she liked and one of her amusements on stage occasions or fete days was to sit on the dias, with a great pile of money before her, and to call people up to take as much as they could carry in their two hands.
    (The Pagoda War,Pg.65)

    တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဖုရားလတ်ပင်ဖြစ်သည်။ သူမသည် လင်ယောကျ်ားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာအရေးယူလေ့ရှိသူပင်ဖြစ်သည်။မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ၀င်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓါးမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဖုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။

    ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထိီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊မိဖုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေး ဂေါ၀ိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။

    ၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်ဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီး လေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့်အိမ်ထောင်ပြုခဲ့ သည်။

    တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချို ရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်မှာ မြန်မာပြည်သို့ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝဖြင့် နေထိုင်သွားကာ ၁၉၂၅၊ ဒီဇင်ဘာတွင် ရိုးစင်းစွာ ဇာတ်သိမ်းခဲ့သည်။

    စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သချိင်္ုင်းကို ရွှေတိဂုံ ဘုရားတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။

    ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေဝီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။

    ထိုမိဖုရားများ လက်ထပ်ပေါင်းသင်းခဲ့သော ဘုရင်အသီးသီးတို့မှာလည်း တစ်နည်းမဟုတ် တစ်နည်း၊ စိတ်သဘောထား နူးညံ့သိမ်မွေ့သူများနှင့် ဘာသာတရား ကိုင်းရှိုင်းသော ဘုရင်များဖြစ်နေသည်ကို တွေ့ရှိရပြန်သည်။ ဆိုရသော်…… ထိုသို့ ပြည်တွင်းပြည်ပ တိုင်းပြည်ရေးရာတွင် ဦးဆောင်မှုမပြုနိုင်သော ဘုရင်များဖြစ်ကြသည့်အတွက် မိန်မသား မိဖုရားများက စိတ်မကျေနပ်၍ ကိုယ်တိုင် မကျွမ်းကျင်ပဲ ၀င်ရောက် စွက်ဖက်ကြသည်ကို တွေ့ရပြန်သည်။ တစ်ဖက်၌လည်း ပြန်ကြည့်သော် ဤသို့ချယ်လှယ်ရန် ထိုမိဖုရားများက စီရင် စီမံခဲ့သည်ကို တွေ့ရပြန်၏။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ၊ ဘုရင်များအနေဖြင့် ပင်ကို ထက်မြက်၍ ဦးဆောင်မှုပြုလုပ်နိုင်ပါလျှင် မိမိတို့၏ မဟေသီ၊ဒေဝီ၊ ဧကရီများကို ပါ၀င်လှုပ်ရှားခွင့် ပေးလိမ့်မည် မဟုတ်ပါ။

    ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါ၀င်လုပ်ဆောင်ရန် အတွေ့အကြံု အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအဝင် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။

    ဘယ်လိုဖြစ်ဖြစ် စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇဝင် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။

    လင်းဦး(စိတ်ပညာ)

    14 comments:

    စူး said...

    စုဖုရားလတ်ကိုလည်း အမြင်ကတ်သလို
    ဘုရင်တွေကိုလည်း အမြင်ကပ်ပါသည်။

    ဒိုင်းခင်ခင်က အရပ်သူမဟုတ်ဘူးထင်ပါသည်။ သူ့အဖေက မြို့ဝန်ဖြစ်မည်ထင်ပါသည်။ သေချာမမှတ်မိပါ။
    နောက်ကျတော့ မောင်ဖေငယ်ကောင်းမူကြောင့် နန်းတွင်း အပျိုတော်ဖြစ်လာသည်။

    စုဖုရားလတ် က ဘုရင်ဘိသိက်ခံယူပွဲတွင် စုဘုရားကြီးဘေးတွင် ဝင်ထို်င်ကာ သီပေါမင်းလည်း တခါတည်း မိဖုရား ၂ယောက်ဖြင့် ဘိသိက်ခံခြင်းဖြစ်သည်။ ဂျာနယ်ကျော်မမလေး၏
    ရတနာပုံ စာအုပ်တွင် ရှူပါလေ..။

    အကုန်မမှတ်မိတော့ပါ။ ..

    အခုလိုတင်ပြပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

    eaindraomtt said...

    ကိုလင်းဦးရေ...

    အဲ ဒီ့ မှာ စ မှား ခဲ့ ကြ တယ် ပြော ရ မ လား..
    ဘယ်တုန်းကတည်းကမှားခဲ့ကြတာလဲ....
    တွေးမိတယ်....

    လင်းဦး(စိတ်ပညာ) said...

    myatnoe >>>> အခုလို လာရောက်ဖတ်ပြီး ထောက်ပြ တဲ့အတွက် ကျေးဇူးပါပဲ။ မောင်ဖေငယ် ခေါ်လို့ နန်းတွင်းထဲရောက်လာသူ ဒိုင်းခင်ခင်ဟာ အရပ်သူလို့ပဲ မှတ်သားထားခဲ့ဖူးပါတယ်...။ ဒီနေရာမှာ အရပ်သူဆိုတာ နန်းတွင်းမရောက်သေးသူလို့လည်း ခံယူထားသလိုပါပဲ။ ကျွန်တော်မှတ်သားမိသလောက်ပါ။ အဲ မောင်ဖေငယ်တို့ဇာတ်လမ်းကလည်း ၀မ်းနည်းစရားကိုးဗျ...။ နောက်တစ်ခုကတော့ မောင်နှမ သုံးယောက်လုံကို ယူထားတာပါ....။ ဂျာနယ်ကျော် မမလေးလည်း ဖတ်ဖူးပါတယ်ခင်ဗျာ...။

    ဝေဖန်ပေးတဲ့အတွက် ကျေးဇူးပါပဲ ခင်ဗျာ...

    ဟန်လင်းထွန်း said...

    ဘာရယ်တော့မဟုတ်ဘူး အဲ့ဒီ စုဖုရားလတ်ကို သမိုင်းစသင်ကထဲက ကြည့်လို့မရဘူး။ အခုတော့ နည်းနည်းတော််သွားသလိုပဲ။

    Nge Naing said...

    လူတိုင်းလူတိုင်းမှာ အေကောင်းနဲ့အဆိုးကတော့ ဒွန်တွဲနေပါတယ်။ အခုလို ဆုဘုရားလတ်ရဲ့ ကောင်းကွက်တချို့ကိုလည်း ဖေါ်ထုတ်ရေးသားပေးတာကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။

    သက်ပိုင်သူ said...

    အကိုရေ
    လူတွေက စုဖုရားလတ်ကို လက်ညှိုးထိုးပြီး တရားခံရှာတာ စိတ်မကောင်းဘူး
    သတင်းစာတစ်စောင်မှာဆို စု၃စုဖျက်လို့ ပြည်ပျက်တာ နောက်တစ်စုထက်လာဦးမယ်ဆိုပြီး ခပ်ရွဲ့ရွဲ့ ရေးတာတောင် ဖတ်ဖူးတယ်။ အဲဒီ စုတွေကလည်း သနားဖို့ကောင်းသား။ အင်္ဂလိပ်နဲ့ တိုက်ပွဲဖြစ်တဲ့အချိန်တိုင်းမှာ မိဖုရား ဖြစ်ရရှာတယ်။

    စုဖုရားလတ်က ရာဇဂုဏ်မောက်တယ်။ လက်ရဲ ဇတ်ရဲ နိုင်တယ်လို့ သမိုင်းဆရာတွေက အပြစ်ဖို့တယ်။ တကယ်တော့ စုဖုရားလတ် မိဖုရားဖြစ်ချိန်မှာ အရမ်းငယ်သေးတယ်။ စုဖုရားလတ်ရော သီပေါရော နိုင်ငံရေးချိန်ခွင်လျှာညှိတဲ့အချိန် နယ်ချဲ့ရန်ကြောင့် တိုင်းပြည် မငြိမ်တဲ့အချိန်မှာ မထင်မှတ်ဘဲ ပလ္လင်ပေါ်ရောက်လာတာလို့ ထင်မိတယ်။ တကယ်တော့ စုဖုရားလတ်က သူချစ်တဲ့သူအတွက် စွန့်စားဝံ့တဲ့သူပါ။ သီပေါကို စပြီး ချစ်ကြိုက်တဲ့အချိန်မှာ ဘယ်သူမှ သိပေါတစ်ယောက် ဘုရင်ဖြစ်မယ်ဆိုတာ စိတ်ကူးထဲတောင် ထည့်ကြတာမဟုတ်ဘူး။ ဘာမဟုတ်တဲ့သီပေါကို ရူးရူးမူးမူးစွဲလန်းမိတာ သူမအပြစ်လား။ ကင်းဝန်မင်းကြီး၊ ဆင်ဖြူမရှင်တို့ ကစားတဲ့ နိုင်ငံရေးကစားပွဲမှာ မထင်မှတ်ဘဲ ကြိုးဆွဲရုပ်ဖြစ်တော့မယ့် သူ့ချစ်သူ၊ ဘုန်းကြီးလူထွက်ကို ကာကွယ်ချင်တာ သူမအပြစ်လား။

    စုဖုရားလတ်ကို လူတစ်ယောက်အနေနဲ့ ကြည့်ရင် မိန်းမဆန်တဲ့ လူသားတစ်ယောက်ပါ။ မိန်းမပီပီ သဝန်တိုတတ်တယ်။ တဇွတ်ထိုးနိုင်တတ်တယ်။ သူမ ခိုးပြီး ချစ်ခဲ့တဲ့ ချစ်သူကို ရွှေဘုံရွှေနန်းမှာ သူများနောင်မှ လင်လုပ်ရမယ်ဆိုရင် ဘယ်မိန်းကလေးကများ လုပ်ချင်မလဲ။ သီပေါ..ဘယ်သူကို ချစ်တယ်ဆိုတာ စုဖုရားလတ်သိတယ်။ စုဖုရားလတ်ချစ်တာ ဘယ်သူလဲဆိုတာ သီပေါသိတယ်။ တခြားဘယ်မိဖုရားမှ မလုပ်ရဲတဲ့ သတ္တိ၊ သူမမှာရှိတယ်။ နန်းတွင်းလုပ်ကြံမှုကြီးမှာ သူမပါနိုင်မယ်ဆိုတာရော ဟုတ်နိုင်ပါ့မလား။ အစမှာ မိခင် ဆင်ဖြူမရှင်ရဲ့ ကြိုးဆွဲရာ ကကြရတဲ့အချိန်မှာ နန်းတွင်းလုပ်ကြံမှု သူမကဦးဆောင်နိုင်ပါ့မလား။

    ကိူယ့်ယောကျ်ားဖြစ်သူက မယ်တော်နဲ့ အမတ်တွေရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာတာကို မယားတစ်ယောက်အနေနဲ့ မြင်ရက်ပါ့မလား။ နောက်ပြီး ခေတ်ပျက်ချိန်ဆိုတော့လည်း သူ့လူကိုယ့်ဘက်သား။ ဘယ်သူရန်သူဖြစ်မလဲဆိုတာ ခွဲခြားမသိနိုင်တဲ့ အချိန်မှာ သူ့မောင်တော်ရဲ့ အသက်နဲ့ အာဏာကို သူကာကွယ်ဖို့လုပ်တာ အမှားတစ်ခု ဖြစ်နိုင်ပါ့မလား။ တကယ်လို့သာ သူတို့နှစ်ယောက်လုံး စင်ပေါ်ကို အတင်မခံရဖူးဆိုရင် သီပေါတစ်ယောက် သူဖတ်ချင်တဲ့ လောကီလောကုတ္တရာစာတွေနဲ့ ပျော်မွေ့နေမယ်။ စုဖုရားလတ်လည်း သူချစ်တဲ့ မောင်တော်အပါးမှာ ရေပူရေချမ်း ကပ်ပြီး အိုမင်းတဲ့ အထိပေါင်းချင်ပေါင်းနေရမှာပါ။
    (စာတွေရင့်နေရင် ခွင့်လွှတ်ပါ အကိုရေ ၊ အနုစိတ်ပြီး ရေးရင် ပို့စ်တစ်ခု ဖြစ်နေပြီ း))

    neking said...

    ဗဟုသုတအတွက်မှတ်သားသွားပါတယ်။ဝေဖန်ချက်တော့မပေးတတ်ဘူးခင်ဗျ။

    လင်းဦး(စိတ်ပညာ) said...

    သက်ပိုင်သူ >>> ညီရဲ့ အမြင်တွေက သင့်လျော်ပါတယ်.. အခုလို ကိုယ့်အမြင်တွေနဲ့
    ၀င်ရောက် ဝေဖန်ပြောဆိုကြတဲ့အတွက် ၀မ်းသာပါတယ်...

    phoolay said...

    ကောင်းပါတယ် ဒီလိုလေးတွေရေးတာ...။စိန်ပလိန်တိန်တိန်..။

    မင်းကျန်စစ်။ said...

    သက်ပိုင်သူ ရေးထားတာ ရှားပါးတဲ့အမြင်တမျိုးလိုပဲ ခံစားမိတယ်။ သင့်သလောက် လက်ခံပါတယ်။ ဒါပေမယ့် မနိုင်ဝန်ထမ်းခဲ့တယ်လို့တော့ မြင်တယ်။ မြန်မာ့သမိုင်းဆိုးခဲ့ရတယ်။
    TGRmg

    mysterysnow said...

    ကိုလင်းဦးရေ

    တိုင်းပြည်တစ်ပြည်ပျက်စီးရတာဟာ မိဖုရားတစ်ပါးတည်းကြောင့်လို့ အပြစ်ပြောရင် မတရားသလိုဖြစ်နေမယ်လို့ထင်ပါတယ်။။

    စုဘုရားလတ်ဟာ မိဖုရားခေါင်ကြီး ဖြစ်ချင်လို့ ဘိသိတ်ပွဲမှာ သီပေါဘုရင်ကို တမင်ရအောင် ယူခဲ့တာမှန်ပါတယ်....

    ဒါပေမယ့်(ပျော့ညံ့တဲ့ဘုရင်တစ်ပါးရဲ့)ဘုရင့်မိဖုရားပီပီ ရှေ့တန်းထွက်သင့်လို့ ထွက်ခဲ့ရတဲ့ မိဖုရား တစ်ပါးလို့ ကောက်ချက်ချချင်ပါတယ်....

    နောက်တစ်ချက်က...
    စုဘုရားလတ်ဟာ သူချစ်တဲ့ ဘုရင်ရဲ့
    ကောင်းမွေ ဆိုးမွေတွေ အားလုံးကို ခံယူရဲသူလဲ ဖြစ်ခဲ့ပါတယ်။

    နောက်ဆုံး သီပေါဘုရင် နတ်ရွာစံချိန်မှာ သရဏဂုံ တင်ခွင့်မရလို့ ဘုရင်ရဲ့ ရုပ်အလောင်းကို မပုတ်မသိုးအောင် ဆေးတွေ ပရုတ်တွေ ထည့်ပြီး သူအိပ်တဲ့ အိပ်ခန်းထဲမှာ လပေါင်းများစွာ ထားအိပ်ခဲ့တဲ့ မိဖုရားတစ်ပါးဆိုတာကို လူတိုင်းမသိကြပါဘူး... ( ဒီအကြောင်းကို တော်ဘုရားလေးအောင်ဇေရဲ့ စာအုပ်ထဲမှာ ဖတ်ရပါတယ်)

    သူဆိုးတာတွေကိုပဲ ပြောကြပေမယ့်
    လူတွေမသိ မမြင်နိုင်ခဲ့တဲ့ ကောင်းကွက်လေးတွေ အများကြီးရှိခဲ့ပါတယ်...

    စုဘုရားလတ်ကြောင့် ပြည်ပျက်ခဲ့တာမဟုတ်ပါဘူး...
    သီပေါဘုရင် မကောင်းလို့ ပြည်ပျက်ခဲ့တာမဟုတ်ပါဘူး...

    ပျက်ချိန်တန်လို့ ခေတ် စနစ်တစ်ခုကြောင့် တိုင်းပြည်ပျက်ပြီး ကျွန်ဖြစ်ခဲ့တာပါ...

    တိုင်းပြည် ပျက်စေခဲ့တဲ့ အကြောင်းတွေက သီပေါမင်းဘုရင်မဖြစ်ခင်ကတည်းက ရှိနှင့်ပြီးသားပါ...

    စုဘုရားလတ်ကိုတော့ အကြောင်းမဲ့ မမုန်းစေချင်ပါဘူး...

    (တော်ဘုရားလေးအောင်ဇေ ရေးတဲ့စာအုပ်ထဲမှာ ဖတ်ဖူးတာက စုဖုရားလတ်လို့ စာလုံးပေါင်းရင်မှားတယ် အမှန်က စုဘုရားလို့ပြောပါတယ်။)


    ခင်မင် လေးစားစွာဖြင့်
    နှင်းနဲ့မာယာ

    စာချစ်သူ said...

    သီပေါဘုရင်၏ မယားကြောက်ဝါဒ ကြီးဆိုးနေသောကြောင့်ဟု မြင်မိပါ၏။
    အို....မိန်းမသားအပေါင်းတို့ ခွန်အားဗလနှင့်ပြည့်စုံသော ယောက်ျားသားတို့အား အသင်တို့၏ လျှာဖျားလေနဲ့ အနိုင်မကျင့်ကြပါကုန်လင့်...

    စူး said...

    ကိုလင်းဦးရေ..

    ၃ယောက်ယူတာ ဟုတ်တယ်။ အဲဒါဘာလို့လဲဆိုတော့
    ဒိုင်းခင်ခင်ကို ပထုတ်တော့ ဟို သီပေါနှာဗူးက
    နေမထိထိုင်မရဖြစ်နေတာကို ချွေးသိပ်ဖို့ စုဖုရားလတ်က စုဖုရားငယ် နဲ့ ပေးစားလိုက်တာ။

    အဲဒါကိုကြည့်ပီး နှာဗူးသီပေါနဲ့ ယောကျင်္ားများဆိုပီးး အမြင်အတော် စောင်းခဲ့ပါတာ..

    တိုင်းပြည်ပျက်တာ သီပေါကလဲ ညံ့
    စုဖုရားလတ်ကလဲ မသိပဲ ဆရာဝင်လုပ်

    နိုင်ငံတကာ ရေးရာ တွေမှာ နားမလည်ပဲ ဝင်ရမ်းနေတာ တကြောင်း
    အာဏာကို မက်နေကြတဲ့ လူစုတွေကြောင့်တကြောင်း
    တိုင်းပြည်ပျက်တာလို့မြင်ပါတယ်။

    စူး said...

    ကျန်ခဲ့လို့ပါ..

    စုဖုယားကြီးက ဘိသိက်ခံတော့သာမိဖုယားနာမည်နဲ့..
    ပါ စုဖုယားလတ်က လုံးဝပေးမသွားလို့..
    သီပေါမိန်းမ ဖြစ်မသွားခဲ့ပါဘူး။

    စုဖုယားလတ်ကိုတော့ မုန်းပါတယ်..။

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo